အားလုံးမင်္ဂလာပါ

အားလုံးမင်္ဂလာပါ
အားလုံးမင်္ဂလာပါ

Tuesday, December 30, 2014

“တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေကို လေ့လာသုံးသပ်ခြင်း”

လူမျိုးမရှိလျှင် ထိုလူမျိုး၏ တိုင်းပြည်မရှိ၊ ဘာသာ သာသနာမရှိလျှင် ထိုဘာသာ သာသနာ၏ ယဉ်ကျေးမှုမရှိ၊ အမျိုးသား၊ အမျုးသမီးများ မရှိလျှင် လူဦးရေတိုးပွားနှုန်းမရှိ၊ နိုင်ငံသားအခွင့်အရေးနှင့် လူ့အခွင့်အရေးများ မရှိလျှင် ဒီမိုကရေစီမရှိ၊ တစ်လင်တစ်မယားစနစ်မရှိလျှင် မိသားစု၌ ငြိမ်းချမ်းမှုမရှိ။ ထိုအခါ ထိုတိုင်းပြည်သည် အမြဲတမ်းဆူပူနေမှာဖြစ်တယ်။
မြန်မာနိုင်ငံမှာ မကြာခဏဆိုသလို ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေထဲတွင် တိုင်းပြည်နှင့်လူမျိုး၊ ဘာသာနှင့် သာသနာ အမျိုးသားနှင့် အမျိုးသမီး နိုင်ငံသားအခွင့်အရေးနှင့် လူ့အခွင့်အရေး၊ အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံပြည်သူ၊ ဥပဒေနှင့် ဥပဒေကိုဆန့်ကျင်သူ၊ ထိုကဲ့သို့ အသွင်မတူသူတို့ရဲ့ အကြားဝယ် သေးသေးကွေးကွေး ပြဿနာလေးတွေကအစ ကြီးကြီးမားမားပြဿနာများအထိ ပြဿနာတွေက ဆက်တိုက်ဖြစ်နေတယ်။ ထိုကဲ့သို့သော ပြဿနာမျိုးတွေဖြစ်ပေါ်လာခဲ့ရင် ဘယ်သူတွေက ထိုပြဿနာကို ဖြေရှင်းပေးကြမှာလဲ။ ပြဿနာကို ဖြေရှင်းရန် မည်သူတွေမှာတာဝန်ရှိသလဲ။ မေးစရာမေးခွန်းတွေက ထောင်သောင်းမက ရှိနေခြင်းပါ။
ပြဿနာတွေပေါများတဲ့ ကို့တိုင်းပြည်။ အိမ်ထောင်ရေးပြဿနာ လူမှုရေးပြဿနာ စီးပွားရေးပြဿနာ နိုင်ငံရေးပြဿနာ စတဲ့ ပြဿနာတွေက မျိုးစုံနေတယ်။ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ပြဿနာဖြေရှင်းနည်း တွေကတော့ အမျိုးမျိုးရှိနေခြင်းပါ။ ဥပမာ ဥပဒေရှုထောင့်ကနေကြည့်၍ ဖြေရှင်းနည်း ဒီလိုဆို ဒီရှုထောင့်ကနေ ကြည့်၍ ဖြေရှင်းနည်း ဒီမိုကရေစီရှုထောင့်ကနေကြည့်၍ ဖြေရှင်းနည်း၊ ဘာသာရေးရှုထောင့်ကနေကြည့်၍ ဖြေရှင်းနည်း၊ လူမှုရေးရှုထောင့်ကနေကြည့်၍ ဖြေရှင်းနည်း စသည်ဖြင့် ဖြေရှင်းနည်းတွေက မျိုးစုံနေတယ်။
သို့သော် တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေ ပြဋ္ဌာန်းမှုနှင့် စပ်လျဉ်း၍ လူထုအော်သံတွေ ထွက်လာတယ်။ စစ်ဆေးကြည့်တော့ ပြဿနာရယ်လို့တော့ မဆိုနိုင်ပါ။ ဒီမိုကရေစီနည်းအရ ဆန္ဒတွေကို ထုတ်ဖော်နေကြခြင်းသာဖြစ်တယ်။ လူများစုဆန္ဒနှင့် လူနည်းစုဆန္ဒကို နှိုင်းယှသ်နိုင်ဖို့ အသံတွေကို ထုတ်ပြကြခြင်းဖြစ်တယ်။ ခေတ်စကားနှင့်ပြောရရင်တော့ ပတ်ဘလစ်ခ်ဗွိုက်စ်(Public Voice) လူထုအသံပေါ့။ ဒီမိုကရေစီနည်းအရ ဖြေရှင်းရန် နောက်ဆုံးနည်းလမ်းကတော့ ဘုတ်(Vote)လုပ်၍ ဆုံးဖြတ် အတည်ပြုရမှာ ဖြစ်တယ်။
ဒီလိုပြဿနာမျိုးတွေကို ဦးစွာပထမ ဥပဒေရှုထောင့်ကနေကြည့်ပြီး၊ လေ့လာသုံးသပ်ပြချင်တယ်။ ပြည်သူတွေအကြားမှာ အချင်းချင်း ရှင်းမရတဲ့ပြဿနာမျိုးတွေ ဖြစ်ပေါ်လာခဲ့ရင် ထိုပြဿနာကို ဖြေရှင်းပေးနိုင်ရန် သို့မဟုတ် ကာကွယ်ပေးနိုင်ရန် ဥပဒေဆိုတာ ရှိရမယ်။ တစ်လင်တစ်မယားစနစ်ကျင့်သုံးရန် ဥပဒေမြန်မာနိုင်ငံတွင်းမှာ မရှိသေးတဲ့အတွက် မယားပြိုင်ထားခြင်းကြောင့်ဖြစ်ပေါ်လာသော အိမ်ထောင်ရေး ပြဿနာ(Domcutic Issoc)တွေဟာ မကြာခဏဆိုသလိုဖြစ်နေတယ်။ ထို့ကြောင့် ထိုပြဿနာတွေကို တရားဥပဒေနှင့်အညီ ဖြေရှင်းပေးနိုင်ရန် တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေဆိုတာ မရှိမဖြစ် လိုအပ်လာတယ်။
၂၀၁၄ ခုနှစ် ဒီဇင်ဘာလ(၁)ရက်နေ့မှစ၍ ဒီဇင်ဘာလ (၄)နေ့ထိ ဆက်တိုက်ထွက်ပေါ်လာတဲ့ ဥပဒေလေးရပ်ဟာ တိုင်းပြည်အတွက် လိုအပ်လာလို့ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့ခြင်းဖြစ်တယ်။ အမိနိုင်ငံအတွက် ကြိုဆိုတယ်။ နိုင်ငံအတွက် လိုအပ်လာလို့ ဥပဒေကို ပြုပေးကြရာဝယ် ဒီမိုကရေစီစနစ်အရ လူအားလုံးလက်ခံမှ ဥပဒေဟာ ပြုပေးရခြင်းမျိုးမဟုတ်ဘဲ၊ လူအများစုလက်ခံလျှင် ထိုဥပဒေကို ပြုပေးရခြင်းဟာ ဒီမိုကရေစီရဲ့စံနှုန်းဖြစ်တယ်။ သို့မဟုတ် ပြုပေးနိုင်တယ်။ အများစုဆန္ဒကြောင့် ဥပဒေပြုပေးရတာဟာ တရားမျှတတယ်လို့ ဆိုနိုင်တယ်။
ဥပမာ ဘရူးနိုင်းနိုင်ငံမှာ ပြဋ္ဌာန်းပေးလိုက်တဲ့ ရှရီယာ(Shieria) ဥပဒေ၊ မလေးရှားနိုင်ငံမှာ အများစုဖြစ်တဲ့ (လူဦးရေ ၇၀ ရာခိုင်နှုန်းသာရှိတဲ့)မလေးလူမျိုးတို့ရဲ့ ဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတို့ဟာ အများစုကို အခြေခံပြီး ပြဋ္ဌာန်းထားတဲ့ ဥပဒေမျိုးတွေဖြစ်တယ်။ USA မှာ ယောက်ျားအချင်းချင်း လက်ထပ်နိုင်တဲ့ဥပဒေကို အချို့ပြည်နယ်တွေမှာ ပြဋ္ဌာန်းပေးထားတယ်။ ဒီလိုဥပဒေမျိုးတွေဟာ ပြည်သူအားလုံး လက်ခံလို့ ဥပဒေပြုတာမျိုးမဟုတ်ဘဲ ပြည်သူအများစုလက်ခံလို့ ဥပဒေပြုထားတာမျိုးဖြစ်တယ်။ မလေးရှားမှာ လူအများစု ကိုးကွယ်တဲ့ အစ္စလာမ်ဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ကြေညာ၍ ဥပဒေပြုထားတာကို ဗုဒ္ဓဘာသာဝင်များ၊ ဟိန္ဒူဘာသာဝင်များ၊ ခရစ်ယန်ဘာသာဝင်များနှင့် အခြားဘာသာဝင်များက လုံးဝလက်မခံပါ။ သို့သော်လည်း ပြည်သူအများဖြစ်၍ ပြည်သူ့ဆန္ဒကို မလွန်ဆန်နိုင်ခဲ့ကြတဲ့ အတွက်ကြောင့် နှုတ်ပိတ်နေခဲ့ကြရခြင်းဖြစ်တယ်။ နားလည်နိုင်ကြဖို့ပါ။
တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေကို ဒီလိုဆို ဒီရှုထောင့်ကနေကြည့်၍လည်း ဝေဖန်သုံးသပ်နိုင် တယ်။ ဥပဒေပြုရာမှာ (၁) လက်ရှိဖြစ်နေတဲ့ ပြဿနာတွေကို ဥပဒေနှင့်အညီ ဖြေရှင်းပေးနိုင်ရန် ပြဋ္ဌာန်းပေးရတဲ့ ဥပဒေ၊(၂) ဖြစ်ခဲ့ပြီးခဲ့တဲ့ပြဿနာများကို နောက်ကြောင်းပြန်လှည့်၍ ဖြေရှင်းပေးဖို့ မရည်ရွယ်ဘဲ နောင်အခါဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာများကို ဖြစ်ခွင့်မရအောင် ကာကွယ်ပေးရန် ပြဋ္ဌာန်းပေးရတဲ့ဥပဒေ၊ (၃) ဖြစ်ပြီးသောပြဿနာများကိုလည်း ဖြေရှင်းပေးနိုင်ရန်နှင့် ဖြစ်ပေါ်လာမည့်ပြဿနာများကိုလည်း ကာကွယ်ပေး နိုင်ရန် ရည်ရွယ်၍ ပြဋ္ဌာန်းပေးရတဲ့ဥပဒေရယ်လို့ ဥပဒေအမျိုးအစားက အကြမ်းဖျင်းအားဖြင့် သုံးမျိုးရှိနေတယ်။ အမျိုးသမီးများ အခွင့်ရေးအတွက် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းပေးလိုက်သောဥပဒေသည် နံပါတ်(၂) ဥပဒေအမျိုးအစားဖြစ်ကြောင်း နားလည်းသဘောပေါက်ထားတယ်။
ဤဥပဒေသည် မယားပြိုင်ယူထားသော သို့မဟုတ် မယားသုံးလေးယောက်ယူထားသော မဟာပုရိသများ၏ ရင်ခွင်၌ရှိသော မယားများထဲက အကြီးဆုံးမယား သို့မဟုတ် အငယ်ဆုံးမယား သို့မဟုတ် မိမွှိနှစ်သက်ဆုံး မယားတစ်ယောက်ကိုသာ ချန်ထားခဲ့ပြီး မိမိအလိုမရှိတော့သော ကျန်တဲ့မယားများကို ထိုသူ့ရင်ခွင်မှ ဇွတ်အတင်းဆွဲထုတ်ရန် ရည်ရွယ်၍ ဤဥပဒေကိုပြဋ္ဌာန်းပေးခြင်း မုဟတ်ပါ။ အမျိုးသမီးများ အခွင့်အရေး အတွက် လူမှုရေးရှုထောင့်ကပဲကြည့်ကြည့်၊ လူ့အခွင့်အရေးရှုထောင့်ကပဲကြည့်ကြည့်၊ ဒီမိုကရေစီစံနှုန်းနဲ့ပဲ ကြည့်ကြည့် သို့မဟုတ် နိုင်ငံသားအများစုလက်ခံထားတဲ့ နိုင်ငံတကာစံနှုန်းနဲ့ပဲကြည့်ကြည့် ဘယ်ရှုထောင့် ဘယ်စံနှုန်းကနေကြည့်ကြည့် တရားမျှတမှုရှိနေတာကို တွေ့ရတယ်။
ဥပမာ တရားမျှတမှုရှိ၊ မရှိ သိနိုင်ရန် မိမိ၏ ချစ်လှစွာသော တစ်ဦးတည်းသော သမီးလေးကို မယားပြိုင်အဖြစ်နှင့် နေရတဲ့ဘဝလေးမှာ ခဏလေးထားပြီး(စက္ကန့်အနည်းငယ်မျှသာထားပြီး) စာနာစိတ်ဖြင့် ရှုမြင်သုံးသပ်ကြည့်စေချင်တယ်။ ထိုအခါ သမီးလေးရဲ့ ဘဝအခက်အခဲ၊ သမီးလေးရဲ့ ရင်ထဲမှာ အဆက်မပြတ် လောင်ကျွမ်းနေတဲ့ ဘဝအပူမီးတွေဟာ ဖခင်ရဲ့ရင်ကို တမုဟုတ်ချင်းပူလောင်ကူးစက်လာလိမ့်မယ်။ ဒီအခါမှာ ကိုယ်ချင်းစာစိတ်ဆိုတဲ့ စာနာစိတ်ရဲ့ သဘော သဘာဝကို နားလည်လာနိုင်မှာ ဖြစ်တယ်။
ဒီစာမရေးခင် နှစ်ရက်မြောက်နေ့မှာ အံ့သြဖွယ်ကောင်းတဲ့ သတင်းတစ်ပုဒ်ကိုဖတ်ရတယ်။ အဲဒီသတင်းက “အမျိုးသမီးများ စွမ်းရည်မြှင့်တင်ရေးနှင့် ကျား၊မ တန်းတူညီမျှရေးဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ကြီး၏ လေ့လာသုံးသပ်မှုစာတမ်းမှ ထွက်ပေါ်လာတဲ့သတင်း” မိန်းမတစ်ဦးထက်ပို၍ တရားဝင်လက်ထပ်ယူခွင့်ပြု ထားသောနိုင်ငံများမှာ အာဖရိကနိုင်ငံများ၊ အရှေ့အလယ်ပိုင်းနှင့် အရှေ့တောင်အာရှရှိ အစ္စလာမ်နိုင်ငံများနှင့် မြန်မာနိုင်ငံတွင်သာ ခွင့်ပြုထားကြောင်း လေ့လာသိရှိရ၍ များစွာအံ့သြမိတယ်။ မြန်မာနိုင်ငံနှင့် သူတို့ ဘယ်လို ဆက်စပ်မှုများရှိနေပါလိမ့်။ စဉ်းစားမိတယ်။
၁၉၅၄ ခုနှစ် လက်ထပ်ထိမ်းမြှားခြင်းဆိုင်ရာဥပဒေများကို ရေးဆွဲစဉ်အခါက မြန်မာအမျိုးသားတွေထဲမှ ကျွမ်းကျင်တဲ့ ဥပဒေပညာရှင်များမပါဝင်ခဲ့၍ အများရဲ့ကြိုးဆွဲရာကို ကခဲ့ရသော ရုပ်သေးရုပ်များဖြစ်ခဲ့ကြလေ သလော သို့မဟုတ် ဥပဒေပြုရာမှာ မြန်မာဗုဒ္ဓဘာသာဝင်များ ပါတော့ပါဝင်တယ်။ သို့ရာတွင် သတိမမူဂူမမြင်ခဲ့ ၍ မယားပြိုင်ယူခွင့် ဥပဒေပြဋ္ဌာန်းပေးလိုက်တာကို သတိလက်လွတ်ဖြစ်ကာ ထောက်ခံပေးခဲ့ကြလေသလော။ သို့မဟုတ် မယားအများယူကြသော ရှေးဘုရင်များရဲ့ ဘုရင်စနစ်ကို အားကျမိကြ၍ မယားပြိုင်ယူခွင့်ဥပဒေကို ပြဋ္ဌာန်းပေးခဲ့ကြသလော။ အဖြေကား မသဲကွဲပါ။ သို့သော် မယားပြိုင်ယူခွင့်ဥပဒေကို ခွင့်ပြုခဲ့ကြ၍ မြန်မာအမျိုး သမီးအချို့၏ ဂုဏ်သိက္ခာများသည် များစွာကျဆင်းခဲ့ရပြီး ရေမျှောကမ်းတင် ပန်းဗေဒါတို့အသွင်ဖြင့် ပန်းသူမဲ့ဘဝများထဲကို ရောက်ခဲ့ကြရတယ်။ တွေးမိတိုင်း ဝမ်းနည်းမိတယ်။
ဒါပေမဲ့ အချိန်အနေနှင့် အချိန်အခါတို့သည် ဘဝတစ်ခုကို ပြောင်းလဲစေနိုင်သည်ဆိုတဲ့ သီအိုရီအရ မြန်မာနိုင်ငံရှိ အမျိုးသမီးများ အခွင့်အရေးအတွက် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းပေးနိုင်ရန် အခွင့်အခါသင့်နေပြီဖြစ်၍ ထိုဥပဒေကို ကြိုဆိုရင်း ကျေးဇူးတင်ထိုက်သူအားလုံးကို ကြိုတင်၍ ကျေးဇူးတင်နေမိ တယ်။
သို့သော် အမျိုးသမီးအခွင့်ရေးများကို ကိုယ်ကျိုးအတွက် ဟန့်တား၍ မယားပြိုင်စနစ်ကို ဆက်လက်ထားနိုင် ရန် အကြံရှိကြသော မဟာပုရိသတို့သည် တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်း မပေးနိုင်ဖို့ ကန့်ကွက်နေသူများကလည်း ရှိနေပြန်တယ်။ အမျိုးသမီးများ အမှန်တကယ်သိသင့်တဲ့ အချက်မှာ တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေသည် မယားပြိုင်ယူထားသော ယောက်ျားများ၏ အန္တရာယ်ကို ကာကွယ်ပေးနိုင်ရန်နှင့် မိသားစုဘဝလေးများ တည်ငြိမ်ပြီး အေးချမ်းသာယာစေနိုင်ရန် အထူးရည်ရွယ်၍ ပြဋ္ဌာန်းပေးခြင်းဖြစ်တယ်။ အမေနှင့်တူသော အမများ၊ သမီးနှင့်တူသော ညီမများ ကံကောင်းနိုင်ကြပါစေ။
(ဆက်လက်ဖော်ပြပါမည်။)

No comments:

Post a Comment