Facebook က သူ့ရဲ့ လူမှုကွန်ရက်မှာ စာသားများ၊ ဓါတ်ပုံများနဲ့ ဗီဒီယိုများသာမကဘဲ တိုက်ရိုက် ဗီဒီယိုများ ရိုက်ကူးထုတ်လွှင့်တဲ့ Facebook Live ၀န်ဆောင်မှုကို တိုးချဲ့ဖြန့်ချီပေးလိုက်ပါတယ်။ အဲဒီ စွမ်းဆောင်ချက်ကို ယခင်က အမေရိကန်မှ နာမည်ကျော်များကိုသာ အသုံးပြုခွင့်ပေးထားခြင်းဖြစ်ပြီး ယခုအခါမှာ အမေရိကန်ရှိ iOS User အားလုံးမှာ အသုံးပြုနိုင်ပါပြီ။ မကြာမီမှာ ကမ္ဘာတစ်ဝန်းလုံးရှိ iOS , Android Users အားလုံး အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။ 


 ဗီဒီယိုများ တိုက်ရိုက်ထုတ်လွှင့်တဲ့ Apps များဟာ ရေပန်းစား လူကြိုက်များလာပြီး Twitter ကလည်း Periscope ကို ဖြန့်ချီပေးထားသလို Meerkat ကလည်း နာမည်ကြီးတဲ့ Live Streaming App ဖြစ်ပါတယ်။ လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ Facebook Live ကို အသုံးပြုလို့မရသေးပေမယ့် အသုံးပြုနည်းကို ကြိုတင်လေ့လာနိုင်အောင် တင်ပြလိုက်ပါတယ်။ ဒီ Tutorial မှာ iPhone မှာ အသုံးပြုနည်းကို ဖော်ပြထားပေမယ့် Android မှာလည်း ကွာခြားမှု သိပ်မရှိနိုင်ပါဘူး။


Facebook Live ကို အသုံးပြုပြီး ဗီဒီယိုများ တိုက်ရိုက် ရိုက်ကူးထုတ်လွှင့်ဖို့ Status Update Box ကိုသွားပါ။ Check In Icon ရဲ့ ဘေးမှာ အိုင်ကွန်အသစ်ကို တွေ့မြင်ရမှာဖြစ်ပါတယ်။ Facebook Live ကို ပထမဆုံး အကြိမ် စတင်အသုံးပြုခွင့်ရတဲ့ လူများမှာ အိုင်ကွန်အသစ်ရဲ့ အပေါ်မှာ “New! Record and share live video.” ဆိုတဲ့ Pop Up Message ကို တွေ့မြင်ရမှာဖြစ်ပါတယ်။




1
 


ဗီဒီယိုများ တိုက်ရိုက် စတင် ရိုက်ကူးထုတ်လွှင့်ဖို့အတွက် အိုင်ကွန်အသစ်ကို နှိပ်ပါ။ အဲဒီနောက်မှာ ကင်မရာနဲ့ မိုက်ကရိုဖုန်းကို အသုံးပြုခွင့်အတွက် Facebook ကို Permission ပေးပါ။ ဒါကို တစ်ကြိမ်သာ ပြုလုပ်ရမှာဖြစ်ပါတယ်။ Continue Button ကို နှိပ်ပါ။



2
 


Continue Button ကို နှိပ်ပြီးရင် သင့်ရဲ့ တိုက်ရိုက် ထုတ်လွှင့်မှုအကြောင်း ရည်ညွှန်းချက်ရေးပေးပါ။ Privacy Settings မှာ သင့်ရဲ့ ဗီဒီယိုကို ကြည့်နိုင်မယ့် လူများကို သတ်မှတ်ပါ။ Friends or Public သတ်မှတ်နိုင်ပါတယ်။ ပြီးရင် Go Live ကို နှိပ်ပါ။


3
 


FaceTime ဒါမှမဟုတ် အနောက် ကင်မရာနဲ့ ရိုက်ကူးနိုင်သလို ဖုန်းကို ဒေါင်လိုက် သို့မဟုတ် အလျားလိုက် ကိုင်ပြီး ရိုက်ကူးနိုင်ပါတယ်။ ဒါပေမယ့် ဗီဒီယိုကို စတုရန်း ပုံသဏ္ဍာန်အနေနဲ့ ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်။ ဒေါင်လိုက် ကိုင်ပြီး ထုတ်လွှင့်ရင် ဗီဒီယိုရဲ့ အောက်ခြေမှာ ကြည့်ရှုသူများရဲ့ ကွန်းမန့်များကို မြင်တွေ့ရမှာဖြစ်ပါတယ်။ အလျားလိုက် ကိုင်ထားရင်တော့ ညာဘက်ခြမ်းမှာ ကွန်းမန့်များကို ပြသပေးထားပါတယ်။


စတင်ထုတ်လွှင့်တာနဲ့ ဗီဒီယိုကို သင့်ရဲ့ Timeline မှာ ပြသပေးထားမှာဖြစ်ပါတယ်။
ဗီဒီယို ထုတ်လွှင့်တဲ့ စကရင်မှာ သင့်ရဲ့ ဗီဒီယိုကို သူငယ်ချင်းများ မြင်တွေ့တဲ့ အတိုင်း သင်က မြင်တွေ့နိုင်ပါတယ်။ ကြည့်ရှုသူ အရေအတွက်၊ အမည်များကိုလည်း ပြသပေးထားပါတယ်။ ထုတ်လွှင့်ချိန်ကိုလည်း မြင်တွေ့နိုင်ပါတယ်။



4
 


သင်နှစ်သက်သလောက် အချိန်ကြာမြင့်စွာ ထုတ်လွှင့်နိုင်ပါတယ်။ ဒါပေမယ့် အင်တာနက် လိုင်း ကောင်းဖို့တော့ လိုအပ်ပါတယ်။ ၀ိုင်ဖိုင် ရမှသာ ထုတ်လွှင့်ဖို့ အကြံပေးပါတယ်။ မိုဘိုင်းဒေတာကို အသုံးပြုရင် ငွေ ကုန်ကျမှု များပြားမှာပါ။



5
 


နာမည်ကျော်များ ထုတ်လွှင့်ရင်တော့ သူတို့ရဲ့ Page ကို Like ထားသူများနဲ့ Followers များက Notifications များ ရရှိကြပါတယ်။ ဒါပေမယ့် သာမာန် User တစ်ယောက်က ထုတ်လွှင့်ရင်တော့ သူငယ်ချင်းများထံ Notification ပေးပို့ခြင်းမရှိပါဘူး။

6
 


ထုတ်လွှင့်မှုပြီးရင် သင့်ရဲ့ ဗီဒီယိုကို Timeline မှာသိမ်းဆည်းပေးထားမှာပါ။ မကြည့်ရသေးတဲ့ သူငယ်ချင်းများက ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဖုန်းမှာ သိမ်းဆည်းဖို့လည်း ရွေးချယ်နိုင်ပါတယ်။ Edit ပြုလုပ်ပြီး အခြား လူမှုကွန်ရက်များမှာလည်း မျှဝေနိုင်ပါသေးတယ်။