" မနှဲလေး " ရှာတဲ့ပြဿနာ
နေ့စဉ်ပြုလုပ်နေကျ တာဝန်တစ်ခု က မနက်ဆို စောစောထ
ထမင်းဟင်းချက်ပြုတ် ထမင်းချိုင့်ထည့်၊ သမီးနှစ်ယောက် တစ်ယောက်က ၅
နစ်ဆိုတော့ကျောင်းပို့၊တစ်ယောက်က ၃ နှစ်သမီးပဲရှိသေးတော့
မူကြိုပို့၊ပြီးရင် လင်မယားနှစ်ယောက်ရုံးသွား။သူတို့ဖေကြီးက
ကျမထက်ရုံးစောစောဆင်းရလို့ ကလေးတွေကိုဝင်ကြို အိမ်ပြန်။
ဒီလိုနဲ့ သံသရာလည်နေတာ ဘာမှထူးထူးခြားခြားပြောင်းလဲမှုမရှိခဲ့။
ဒီနေ့လည်း အရင်နေ့တွေကအတိုင်း မနက်အစောကြီးထ
ခလေးနှစ်ယောက်ကိုအသာလေးချောင်းကြည့်လိုက်တယ်။နှစ်ယောက်သားအိပ်မောကျနေလိုက်ကြတာ
၊ကုတင်ပေါ်မှာနှစ်ယောက်သား ကိုးလိုးကန့်လန့်
နဲ့ဗရုတ်သုတ်ခကိုဖြစ်နေတာ။သူတို့ကို တော့ချက်ပြုတ်ပြီး
အားလုံးအဆင်သင့်ဖြစ်မှ နှိုး ပြီးသန့်ရှင်းရေးလုပ၊် ပြီးမှ
ကျောင်းလိုက်ပို့ရမယ်လေ။
ချက်ပြုတ်ပြီးတော့
ထမင်းချိုင့်ထည့်ပြီး ခလေးနှစ်ယောက်ကို နှိုးဖို့သွားတော့
ကုတင်ပေါ်မှာတစ်ယောက်မှမရှိတော့။ကြိုပြီးနိုးနေလို့များရေချိုးခန်း
အိမ်သာရောက်နေလား ၊မဖြစ်နိုင်ပါဘူး ။ဒီမီးဖိုခန်းကိုကျော်ပြီးမှ
ရေချိုးခန်း အိမ်သာရောက် မှာ ၊ ဒါပေမယ့်လည်း
သွားတော့ကြည့်လိုက်သေးတယ်။မတွေ့ဘူး။အိမ်ရှေ့ ထွက်ကြည့်တော့လည်းမရှိကြဘူး။
ဒါပေမယ့်အိမ်ရှေ့တံခါးမကြီးက ဂျက် ပွင့်နေတယ်။စိတ်ထဲမှာ အရမ်းကို
ထူပူသွားတယ်။သူတို့အဖေ ကိုသွားနှိုးပြီး " ကလေး တွေ မရှိတော့ဘူး
အိမ်ရှေ့တံခါးကို ဖေကြီးဖွင့်ထားတာလား" "ဟာ မဖွင့်ပါဘူး ကွာ ခု မင်း
နှိုး မှနိုးတဲ့ဟာ ဒုက္ခပါပဲ ကလေး နှစ်ယောက်လုံးဘယ်လိုထွက်သွားတာလဲ"
"ဒါ ဆို ညကတည်းက အိမ်တံခါးမပိတ်မိဘူးလားမသိဘူးနော်"
"ပိတ်လိုက်ပါတယ် ကိုယ်သေချာပိတ်ထားတာပါ ခလေးတွေလဲ ဒီ ဂျက်ကိုမဖွင့်တတ်ပါဘူး အပေါ်ဂျက်ဆို ပိုတောင်မမှီသေးတယ်"
"ခု ဘာမှထင်မြင်ချက်တွေပေးမနေနဲ့တော့ ခလေးတွေကို မြန်မြန် ထွက်ရှာမှဖြစ်မယ်။"
ရှာရင်းရှာရင်း အိမ် နဲ့တော်တော်ဝေးဝေးကိုရောက်လာသည်။ထိုအခိုက် အိမ်နီးချင်းတစ်ယောက်နှင့်လမ်းမှာဆုံသည်။
"အစ်မ ဘယ်လဲ"
"ဟယ် အတော်ပဲ အစ်မ ကလေးနှစ်ယောက်တွေ့မိသေးလား အိမ်မှာမရှိဘူး ပျောက်နေလို့"
"ဟင် အစ်မ ခုလေးတင်ပဲတွေ့ခဲ့တယ် ဟိုတံတားပေါ် ရောက်ခါနီးနေပြီ
ဘယ်သွားကြမလို့လဲလို့မေးတော့ ဘာမှပြန်မပြောဘူး ကျမလည်း သြော်
သူတို့မိဘတွေနဲ့လာတာနေမှာပါ လို့ထင်လိုက်တယ်
ဒီနားခဏထားခဲ့ပြီးဘယ်သွားနေပါလိမ့် လို့တောင်တွေးနေတာ"
"ကျေးဇူးပဲ ညီမရေ အစ်မ လိုက်သွားလိုက်ဦးမယ်"
ဟုပြောပြောဆိုဆို အပြေးတစ်ပိုင်းနဲ့ ထွက်သွားလိုက်ပါတယ်။အိမ်နီးချင်း ညီမလည်း နောက်မှ ပြေးလိုက်လာပါတယ်။
တွေ့ပါပြီ...........
ညီမ နှစ်ယောက်လက်ချင်းချိတ်လို့ တံတား ထိပ် ကိုရောက်နေကြပြီ။
"သမီး တို့ရေ သမီးတို့ ဒီမှာမေကြီးလာနေပြီ အဲ့ဒီမှာ ရပ်နေ ရှေ့ဆက်မသွားနဲ့"
ခလေး နှစ်ယောက် ကြောင်တောင်တောင်လေးတွေနဲ့ရပ်ကြည့်နေကြတယ်။အနားရောက်တော့သမီးနှစ်ယောက်ကို ဖက်ပြီး အားရပါးရ ငိုချလိုက်တယ်။
နောက်မှ "သမီးတို့ ဘယ်လိုဖြစ်လို့ ဒီနေရာကို လာကြတာလဲ
မေကြီးနဲ့ဖေကြီးမပါပဲနဲ့
ဘယ်မှမသွားရဘူးလို့ပြောထားတယ်လေ၊တစ်ခုခုများဖြစ်သွားရင်ဘယ်လိုလုပ်မလဲ၊ဒီနေရာကပြုတ်များကျသွားရင်
တော့သမီးတို့ရယ် မတွေးဝံ့စရာ ဘာဖြစ်လို့ လျှောက်သွားရတာလဲ" သမီးအငယ်လေးက
ဘာမှသိပ်မပြောတတ်သေးတော့မျက်ရည်လေးဝဲပြီးကျမကိုကြည့်နေတယ်။သမီးအကြီး မက
စကားစပြောတယ်
"......သမီးတို့နှစ်ယောက်တည်း မဟုတ်ပါဘူး မမချောချော ခေါ်လာလို့ လိုက်လာတာပါ "
" ဘယ်က မမချောချော လဲ ဘယ်မှာလဲ "
"ဟိုမှာလေ သမီးတို့ကိုကြည့်နေတယ်"
"ဘယ်မှာလဲ ဘယ်သူမှ မရှိပါဘူးကွယ်"
"ရှိပါတယ်ဆိုမှ ဟိုမှာပါ ဆို သမီးတို့ကို အိပ်ရာက နှိုးပြီးခေါ်လာတာ ပုလဲ ပုတီး နဲ့ သကြားလုံး တွေ ပြန်သွားဝယ် မယ်ဆိုပြီးခေါ်လာတာ "
" ဘာ ဘာပြောတယ် ပုလဲပုတီး နဲ့ သကြားလုံး "
စိတ်ထဲ မှာထင့် ကနဲဖြစ်သွားပြီးတော့ကြက်သီးတွေထလာတယ်။ကလေးနှစ်ယောက်ကိုခေါ်ပြီး အိမ် မြန်မြန်ပြန်လာလိုက်သည်။
အိမ်ရောက်တာနဲ့ ကမန်းကတန်း အပေါ်ထပ်တက်ပြီး
မနှဲလေးဆက်ထားသောနေရာအားသွားကြည့်လိုက်သည်။အိမ်မှာကလေးတွေရှိတော့ကြားဖူးနားဝနဲ့
ကလေးတွေအဖော်ရတယ်စောင့်ရှောက်ပေးတယ်ဆိုလို့
ကလေးနှစ်ယောက်ကလည်းနည်းနည်းချူချာတာနဲ့ ဘာမှလဲအပန်းမကြီးပါဘူးလေ
ဆိုပြီးမနှဲလေး ဒါန်းစီးနေတဲ့အရုပ် လေးဝယ် ။ တစ်ခါတစ်လေ ဘဲဥ
လေးတင်။တစ်ခါတစ်လေသကြားလုံးလေး တင်ပေးထားတာ။
မနေ့ကတော့
ဈေးထဲသွားရင်း ပုလဲပုတီးလေး တွေ့တာနဲ့ မနှဲလေး
အတွက်ဆိုပြီးရည်ရွယ်ပြီးဝယ်လာခဲ့တယ်။မနှဲလေးအရုပ်လေးရှေ့မှာ
သမီးတို့အတွက်ဝယ်ထားတဲ့သကြားလုံးလေး နှစ်လုံးနဲ့ ပုလဲပုတီးလေး
ကိုပန်းကန်အသေးလေး တစ်ချပ်နဲ့တင်ထားပေးလိုက်တယ်။
ခုတော့ကြည့်ပါဦး...............
ဘေးနားမှာ သကြားလုံးအခွံ တွေနဲ့ ပြန့်ကျဲ နေတဲ့ ပုလဲ ပုတီးစေ့ လေးတွေ။
"သမီး တို့ ဒါတွေကို သမီးတို့ ယူဆော့ထားတာလား"
"ဟုတ်တယ်မေကြီး ညနေက ညီမလေးက သကြားလုံးစားချင်တယ်ဆိုလို့
သမီးယူကြွေးလိုက်တာ ပုလဲပုတီးလေးလဲယူချင်တယ်ဆိုပြီး ငိုနေလို့
သမီးယူပေးလိုက်တာ"
ကျမ စဉ်းစားရပါပြီ။ဒါဆို........
မနှဲ လေးကများ သူ့ဟာတွေယူလို့ ကျမ မသိသိအောင် ကလေးတွေနဲ့ မျှားခေါ်ပြီး
ကျမကိုသိအောင်ပြောလေသလား။ဘာပဲဖြစ်ဖြစ်ထူးထူးဆန်းဆန်းကြီးကိုကြုံခဲ့ရလို့
ကျမလဲနောက်ဆို ကလေးတွေ မမှီနိုင်တဲ့နေရာမှာပဲ ထားပါတော့တယ်။
ဒါကြောင့်ရှေးလူကြီးတွေကပြောတာထင်တယ်။
နတ် နဲ့ နဂါး မလှည့်စားနဲ့ တဲ့။
တစ်ကယ့်ဖြစ်ရပ်မှန်အား အခြေတည်၍ရေးသားပါသည်။
November Rosyိ
No comments:
Post a Comment