ယုံပါပြီ
``သေသွားပြီ´´
``ဟုတ်လို့လားရှင်....သေချာရဲ့လား ´´
ဆရာကျော် နည်းနည်းတော့တင်းသွားသည်။ ဒေါ်ခင်ခင့်ပုံစံက အချိုးမပြေ..။
မျက်မှောင်ကျုံ့ပြီး နှုတ်ခမ်းရွဲ့နေသည့် ဒေါ်ခင်ခင့်ပုံစံက သူ့ပညာကို
စော်ကားနေသယောင်ယောင်..။
``သေချာပါတယ်...ရဲဘော်လေး သေသွားပြီ..´´
``စိတ်တော့မရှိနဲ့နော်...ဆရာဘယ်လိုသက်သေပြနိုင်လဲ..´´
ဆရာကျော် တော်တော်အချဉ်ပေါက်သွားသည် ။ ဒေါ်ခင်ခင်အား
နဂါးမှန်းသိအောင်အမောက်ထောင်ပြဖို့ လိုနေပြီဟု ဆရာကျော်ဆုံးဖြတ်လိုက်သည်။
``ခင်ဗျားအိမ်က ဆန်နည်းနည်းယူလာခဲ့ပေးပါ....ရေတစ်ခွက်ရော..´´
ဆန်နှင့်ရေ ရောက်လာတော့ ဆရာကျော်သည် ပါးစပ်မှ
ခပ်တိုးတိုးနှင့် အနည်းငယ်ရေရွတ်နေသည်။ ထို့နောက် ဆရာကျော်သည်
ဆန်ကိုရေအချို့နှင့် ပေါက်လိုက်သည်။
``၀ုန်း..၀ုန်း´
ဆန်များမီးထလောင်ကာ ပြန်ငြိမ်းသွားသည်။ ဆရာကျော်သည် ထိုဆန်များကို ဒေါ်ခင်ခင်၏ အိမ်ပတ်ပတ်လည်ကိုပက်လိုက်သည်။
``ဒေါ်ခင်ခင် မနက်ဖြန်မနက် ကျုပ်ပြန်လာခဲ့မယ်...အခုတော့ကျုပ်ပြန်မယ်´´
ဒေါ်ခင်ခင် ဆရာကျော်ကို တော်တော်စိတ်ကုန်သွားသည်။
ဒေါ်ခင်ခင်ရဲ့ယောက်ျားက ပုသိမ်မှ တပ်ရင်းတစ်ခုတွင် တပ်ရင်းမှူးဖြစ်သည်။ ယခု
သူမတို့တပ်မှ ရဲဘော်လေးတစ်ဦးထွက်ပြေးသွားသည်။
ထွက်ပြေးတာကအကြောင်းမဟုတ်...အရေးကြီးတာက သေနတ်တစ်လက်ပါယူပြေးသွားသည်။
ရှာမတွေ့ပါက အမှုဖြစ်မည်မို့ သူမတို့ခေါင်းခြောက်နေသည်။
ရဲမေတစ်ယောက်ကပြောသဖြင့် ဆရာကျော်အားပင့်ကာ ရဲဘော်လေးအခြေအနေကို
မေးကြည့်မိသည်။ ဆရာကျော်က ထိုနယ်တစ်ဝိုက်တွင် အထက်လမ်းဆရာလို့
နာမည်ကြီးသည်။
ဆရာကျော်ပြန်သွားတော့
ညနေ၅နာရီခန့်ဖြစ်သည်။ ဒေါ်ခင်ခင့်ယောက်ျားက မနက်ကရန်ကုန်ဆင်းသွားသည်။
မနက်ဖြန်ညနေမှပြန်လာမည်။ အိမ်တွင် ဒေါ်ခင်ခင့် ယောက္ခထီး နှင့်
ယောင်းမတို့ရောက်နေကြသည်။ ဒေါ်ခင်ခင့်မှာက သားသမီးသုံးယောက်ရှိသည်။
စိတ်တွေရှုပ်ကာ သောကရောက်နေကြသဖြင့် ဒေါ်ခင်ခင်တို့မိသားစု
အိပ်ယာစောစောဝင်ခဲ့ကြသည်။ သူတို့အိပ်ယာဝင်တို့ ည၈နာရီခွဲသာရှိသေးသည်။ တပ်က
မီးလည်းပျက်နေသဖြင့် စောစောအိပ်လိုက်သည်။ ဒေါ်ခင်ခင်က
သူမတို့လင်မယားအိပ်သည့်အိမ်ခန်းတွင်အိပ်သည်။ ယောင်းမက
ကလေးသုံးယောက်အိပ်ခန်းတွင် သွားအိပ်သည်။ ယောက္ခထီးကြီးက
ဘုရားခန်းတွင်အိပ်လေသည်။ တပ်ရင်းမှူးအိမ်မို့
အခြားအိမ်များနှင့်အနည်းငယ်လှမ်းသည်။ အနီးဆုံးအိမ်ပင်
ခပ်လှမ်းလှမ်းတွင်ဖြစ်သည်။
``ဒေါက်..ဒေါက်...ဒေါက်´´
``ဒေါက်..ဒေါက်...ဒေါက်´´
စစ်ဘွတ်ဖိနပ်သံ တစ်ဒေါက်ဒေါက်ကြောင့် ဒေါ်ခင်ခင်နိုးလာသည်။
နားကြားများမှားသလားဟု ဒေါ်ခင်ခင်သေချာထပ်နားထောင်ကြည့်သည်။ သေချာသည်....သူမ
မမှား။ သိပ်မကြာခင် ဖိနပ်သံနှင့်အတူ တံခါးခေါက်သံ တစ်ဒေါက်ဒေါက်ပါ
ကြားလာရသည်။ ဒေါ်ခင်ခင် နာရီလှမ်းကြည့်လိုက်တော့ ၁၁ခွဲကို ပြနေသည်။
``အမရေ...အမ´´
ဒေါ်ခင်ခင် ခေါင်းနားပန်းကြီးသွားသည်။ ကြက်သီးတွေပါထလာသည်။ သူမ အသံပိုင်ရှင်ကိုသိသည်...သေချာကိုသိသည်။
``အမ....အမ....အမရေ...´´
အမလေးးး....ဒေါ်ခင်ခင်အရမ်းလန့်လာသည်။ သူမ
မလန့်ပဲနေနိုင်ရိုးလား...အသံပိုင်ရှင်သည် ပျောက်ဆုံးသွားသော
ရဲဘော်လေးဖြစ်သည်။ ဘာကြောင့်မှန်းမသိ..ရဲဘော်လေးအသံသည်
အင်မတန်ကျောချမ်းစရာကောင်းနေသည်။ စစ်ဖိနပ်သံတစ်ဒေါက်ဒေါက်နှင့် အမ
အမဟုခေါ်ကာ တံခါးခေါက်နေသည်။
သူများချွေးဇောများပြန်နေစဉ် အခြေအနေကပိုဆိုးလာသည်။ စစ်ဖိနပ်သံ
တစ်ဒေါက်ဒေါက်က သူမအိပ်နေသည့် အခန်းနားရောက်လာသည်။ အမဟုဆိုကာ
သူမအခန်းပြတင်းပေါက်ကို လာခေါက်နေသည်။ သူမအထိတ်တလန့်အော်မိသည်။
``အဖေ.....´´
ဘုရားခန်းဘက်မှ ယောက္ခထီးကြီးက ပြန်ထူးလာသည်။
``အေး...အေး...အဖေသိတယ်´´
သိပ်မကြာ..ဖိနပ်သံသည် ကလေးတွေအိပ်နေသည့်အခန်းဘက်သို့ထွက်သွားသည်။ ယောင်းမဆီမှ အော်သံထွက်လာသည်။
``အဖေတို့ရေ.....´´
``အေး.....လို့ ၊ သိတယ် သိတယ်´´
ခဏနေတော့ ဘုရားခန်းဘက်သို့ လျောက်သွားသောခြေသံနှင့်အတူ ယောက္ခထီးကြီးဆီက အသံထွက်လာသည်။အလန့်တကြား.....အော်သည်။
``ဟား...ဒုက္ခပါပဲ´´
တစ်ကြော်ကြော်ခေါ်သည်....တစ်ဒေါက်ဒေါက်နှင့်
တစ်အိမ်လုံးကို တံခါးပတ်ခေါက်နေသည်။ စစ်ဖိနပ်သံက ပိုခြောက်ခြားစေသည်။
တစ်ညလုံး တစ်အိမ်လုံး ကြောက်ဒူးတွေတုန်နေကြသည်....။
တစ်ဖြည်းဖြည်း ခေါ်သံကတိုးလာသည်။ ဖိနပ်သံက မကြားတစ်ချက်
ကြားတစ်ချက်ဖြစ်လာသည်။ တံခါးခေါက်သံ ကျဲလာသည်။ သိပ်မကြာခင်
ဘာအသံမှမကြားရတော့...။ အသက်ပင်ပြင်းပြင်းမရှူရဲ...သေချာနားဖောင်ကြည့်မိသည်။
နာရီကိုကြည့်လိုက်တော့ မနက်၅ခွဲ....။ ဘာအသံမှ
မကြားရတော့သော်လည်း...မထရဲသေး..။ မနက်၆နာရီကျော်တော့ ပြတင်းပေါက်မှ
အလင်းရောင်ဝင်လာသည်။ တစ်အိမ်လုံး တိတ်ဆိတ်ငြိမ်သက်လျက်....။
မနက်အိပ်ယာထထခြင်း ရဲမေလေးကို ဆရာကျော်အားအခေါ်လွှတ်လိုက်သည်။
ဆရာကျော်ရောက်လာကာ အိမ်ကို ရေတစ်ခွက်နှင့်လိုက်ပက်လေသည်။
`` စိတ်ချပါ...ဘာမှမဖြစ်တော့ပါဘူး
ကျွန်တော်ပြောတာယုံ....ရဲဘော်လေး သေပြီ´´
``ဟုတ်ကဲ့ပါဆရာ....ကျေးဇူးတင်ပါတယ် ဆရာ...´´
ဒေါ်ခင်ခင့်ပုံစံက မနေ့ကနဲ့ဘာမှမဆိုင်တော့...။ တော်တော်အပိုးကျိုးသွားသည်။ တော်တော်လန့်သွားပုံလည်းရှိသည်...။
သိပ်မကြာခင် ရဲဘော်လေးကိုရှာတွေ့သည်။ ဆွဲကြိုးချသေနေသည်....။
No comments:
Post a Comment