အားလုံးမင်္ဂလာပါ

အားလုံးမင်္ဂလာပါ
အားလုံးမင်္ဂလာပါ

Saturday, January 3, 2015

လေယာဉ်ပျက်ကျသော်လည်း အသက်မသေသည့် သမီးငယ်


ကင်တပ်ကီ ဇန်နဝါရီ ၃

အမေရိကန်နိုင်ငံ ကင်တပ်ကီပြည်နယ် လေယာဉ်ပျက်ကျမှု တစ်ခုတွင် လူလေးဦး သေဆုံး ခဲ့သော်လည်း ခုနစ်နှစ်အရွယ် သမီးငယ်တစ်ဦးသည် ကံကောင်း ထောက်မစွာဖြင့် သေကံမရောက် သက်မပျောက်ရုံ သာမက အပျက်အစီး များကြားမှ ရုန်းထွက်ကာ အနီးဝန်းကျင်ရှိ ဒေသခံ လူတစ်ဦး အကူဖြင့် လေယာဉ်ပျက်ကျ ခဲ့ကြောင်း သတင်းပို့ခဲ့သည်။

Piper PA-34-200T အမျိုးအစား လေယာဉ်ငယ်သည် အင်ဂျင်ချွတ်ယွင်းမှုကြောင့် လေကြောင်း ထိန်းချုပ်ရေးနှင့် အဆက်အသွယ် ပြတ်တောက်ကာ ကင်တပ်ကီပြည်နယ် အနောက်တောင်ပိုင်းတွင် ပျံသန်းနေစဉ် ပျက်ကျသွားခဲ့ခြင်း ဖြစ်ကြောင်း ဖက်ဒရယ် လေကြောင်း စီမံခန့်ခွဲရေး ဌာနက ပြောကြား သည်။

ကင်တပ်ကီပြည်နယ် လိုင်ယွန်စီရင်စုမှ ဒေသခံတစ်ဦးက မိမိထံသို့ ခုနစ်နှစ်အရွယ်သမီး ငယ်တစ်ဦးက လေယာဉ်ပျက်ကျပြီး လာရောက်အကူအညီတောင်း ခဲ့သည်ဟု ရဲတပ်ဖွဲ့ကို ဖုန်းဆက်အကြောင်း ကြားပြီးနောက် ရဲတပ်ဖွဲ့ဝင်များသည် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အဆင်သင့်ရှိနေခဲ့သည်ဟု ရဲတပ်ကြပ်ကြီး ပတ်တာဆန်က ပြောကြားသည်။

'' အဲဒီခုနစ်နှစ်သမီးလေးက လေယာဉ်ပျက် ကျသွားပြီးနောက် အပျက်အစီးတွေကြားကနေ အနီးဆုံးဒေသခံတစ်ဦးစီသွားပြီး လေယာဉ်ပျက် ခဲ့တဲ့အကြောင်းနဲ့ သူ့အဖေနဲ့အမေသေဆုံးသွား တဲ့အကြောင်း ပြောပြခဲ့တာပါ။ အံ့သြစရာပဲဗျာ ကျန်တဲ့လူလေးဦးလုံး သေသွားတယ်။ သူတစ်ယောက်ပဲ အသက်ရှင်ကျန်ခဲ့တာပါ'' ဟု ပတ်တာဆန်က ပြောကြားသည်။

အသက်အန္တရာယ်စိုးရိမ်ရသည့် ဒဏ်ရာဒဏ်ချက်မရရှိသော်လည်း ပူဆွေးသောက ရောက်နေရရှာသည့် အဆိုပါ ခုနစ်နှစ်သမီးလေးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး အရေးပေါ်ကယ်ဆယ်ရေး လုပ်သားများ အခင်းဖြစ်သည့်နေရာသို့ ရောက်ရှိ သောအခါ လေယာဉ်ငယ်၏ အပျက်အစီးများကို ရှာဖွေတွေ့ရှိခဲ့ကြသည်။

လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးသွား သူများမှာ မတီဂတ်ဇလာ (၄၉)နှစ်၊ ကင်ဘာလီ ဂတ်ဇလာ (၄၅)နှစ်၊ ၎င်းတို့၏သမီး ပီပါ ဂတ်ဇလာ ကိုးနှစ်နှင့် ပီပါ၏ ဝမ်းကွဲညီအစ်မ ဆီရီရာ ဝဲလ်ဒါ (၁၄)နှစ်တို့ ဖြစ်ကြသည်။ အသက်ရှင်ကျန်ရစ်သူ ခုနစ်နှစ်သမီးငယ်၏ အမည်ကို ထိမ်ချန်ထားရန် ကျန်ရစ်သူမိသားစုအသိုင်းအဝိုင်းမှ တောင်းဆိုထားသည်ဟု သိရသည်။

နယူးယောက်ဒေးလီး။
The Mirror Daily
https://www.facebook.com/TheMirrorDaily

No comments:

Post a Comment