အားလုံးမင်္ဂလာပါ

အားလုံးမင်္ဂလာပါ
အားလုံးမင်္ဂလာပါ

Tuesday, August 4, 2015

ဧရာဝတီမြစ် အောက်ပိုင်းတွင် စိုးရိမ်ရေမှတ် တိုးလာ၍ ဟင်္သာတနှင့် ဇလွန် ရေဘေးအန္တရာယ် စိုးရိမ်ရ

ဟင်္သာတမြို့နယ် အိပ်ပျက်ကျေးရွာတွင် သြဂုတ် ၃ ရက်က ရေများလွှမ်းမိုးနေစဉ် (ဓာတ်ပုံ − ညီဟန်)
ဧရာဝတီမြစ်ရေသည် အထက်ပိုင်းဒေသများမှ အောက် ဘက်မြို့များအထိ စိုးရိမ်ရေမှတ် အထက်တွင် ရောက်ရှိနေကာ ဟင်္သာတနှင့် ဇလွန်မြို့တို့ ရေဖုံးလွှမ်းမှုအန္တရာယ် အမြင့်ဆုံးဖြစ်နေသည်ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးဦးက သတိပေးသည်။
‘‘အထက်ဘက်  မြို့တွေ လည်း စိုးရိမ်ရေမှတ်အထက်မှာရှိ နေတယ်။ ဒါပေမဲ့ မြစ်ဝကျွန်းပေါ် ဘက်ရောက်လာချိန်မှာ ပင်လယ် ဒီရေကလည်း တက်လာမယ်ဆို ရင် ဟင်္သာတတို့၊ ဇလွန်တို့ ရေ ဘေးသတိထားဖို့လိုမယ်’’ ဟု ဦးကျော်မိုးဦးက ပြောသည်။
သြဂုတ် ၃ ရက် တိုင်းထွာ ချက်များအရ ဧရာဝတီ မြစ်ရေ သည် ဟင်္သာတမြို့တွင် စိုးရိမ်ရေ မှတ်အထက်၌ ရောက်ရှိနေသည် မှာ လေးရက်ရှိပြီဖြစ်ပြီး လာမည့် သုံးရက်ဆက်တိုက် စိုးရိမ်ရေမှတ် အထက် သုံးပေခန့်တွင်ရှိနေမည် ဟု မိုး/ဇလဌာနက သတင်းထုတ် ပြန်ထားသည်။ ဟင်္သာတမြို့နှင့် ကပ်လျက် ဇလွန်မြို့တွင်လည်း စိုးရိမ်ရေမှတ်အထက် သုံးပေခန့် တွင်ရှိနေသည်။
လက်ရှိတွင် ဟင်္သာတမြို့ကို  ကာထားသည့် တာတမံများမှာ နေရာအများစု၌ ရေကျော်ရန်တစ် ပေခန့်သာလိုတော့ပြီး သဲအိတ်ဖို့ ခြင်းလုပ်ငန်းများ ဆက်တိုက်လုပ် ဆောင်နေသည်ဟု ဟင်္သာတခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မှ သတင်းရရှိသည်။ ဟင်္သာတ ရေကာတာနှင့် ဆက်နေသည့် ကျေးရွာအုပ်စုအသီးသီးမှ ရေကာ တာများလည်း ၂၄ နာရီ စောင့် ကြည့်ရသည့် အခြေအနေဖြစ်နေ သည်ဟု သတင်းရရှိသည်။
လက်ရှိအချိန်တွင် ဧရာဝတီ မြစ်ရေမှာ ပခုက္ကူ၊ ညောင်ဦး၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်နှင့် ဆိပ်သာမြို့တို့တွင်ပါ စိုးရိမ်ရေမှတ်အထက်သို့ ရောက်နေသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ငသိုင်းချောင်းမြို့နယ်မှ စီးဆင်းသည့်င၀န်မြစ်သည်လည်း စိုးရိမ်ရေမှတ်အထက်သို့ ရောက်နေသည်မှာ ကိုးရက်ခန့် ရှိနေပြီဖြစ်ကြောင်း မိုး/ဇလ ဌာနက  သတင်းထုတ်ပြန်သည်။

No comments:

Post a Comment